International News

၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်ကာလတွင် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့

Last Updated:

၂၀၂၃ ခုနှစ် ပထမသုံးလပတ်ကာလနှင့်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ဧပြီလမှ ဇွန်လတွင် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး သုံးလပတ်ကာလ ၃ ခုဆက်တိုက် စီးပွားရေးအခြေအနေတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ရုံးမှ ၁၅-၈-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် စီးပွားရေးပညာရှင် ၁၉ ဦးအား စစ်တမ်းကောက်ယူပြုစုခဲ့ရာ၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ပထမ ၃ လပတ်ကာလတွင် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၃.၁ ရာခိုင်နှုန်းမြင့်တက်နိုင်ကြောင်း ခန့်မှန်းခဲ့ကြသော်လည်း လက်တွေ့တွင် ၃.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ယခင် ၃ လပတ်ကာလနှင့်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ဧပြီလမှ ဇွန်လတွင် ၃.၂ ရာခိုင်နှုန်းတိုးတက်ခဲ့သည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့ရခြင်းဖြစ်ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းကဲ့သို့သော ကုန်ကြမ်းပစ္စည်းများရရှိနိုင်မှုပြန်လည်ကောင်းမွန်လာခြင်းကြောင့် မော်တော်ယာဉ်ကဲ့သို့သောကုန်စည်များတင်ပို့မှု ပြန်လည်တိုးတက်လာခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် နိုင်ငံအတွင်းသို့ ခရီးသွားများဝင်ရောက်မှု ပြန်လည်အားကောင်းလာခြင်းကြောင့် ဝန်ဆောင်မှုတင်ပို့မှု (Services Export)မှာလည်း တိုးတက်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း သွင်းကုန်တင်သွင်းမှုမှာ ၄.၃ ရာခိုင်နှုန်းကျဆင်းခဲ့မှုသည် အသားတင်တင်ပို့နိုင်မှုကို တိုးတက်စေခဲ့ခြင်းဖြင့် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)မြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ GDP တွက်ချက်ရာတွင် အဓိကကျသည့် ပုဂ္ဂလိက၏ သုံးစွဲနိုင်စွမ်းသည် ယခင် ၃ လပတ်ကာလနှင့်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ဧပြီလမှ ဇွန်လတွင် ၀.၅ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး သုံးလပတ်ကာလ ၃ ခုအတွင်း ပထမဆုံးအကြိမ် လျော့ကျခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် မေလတွင် အစိုးရ၏ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာကန့်သတ်ချက်များ ဖြေလျှော့ခဲ့ပြီးနောက် ခရီးသွားလာမှုမြင့်တင်ခဲ့ခြင်းနှင့် စားသောက်ဆိုင်များတွင် ဝယ်ယူသုံးစွဲနိုင်မှုမြင့်တက်ခဲ့ကြောင်း၊ လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသော ငွေကြေးဖောင်းပွမှုသည် စားသောက်ကုန်များနှင့် နေ့စဉ်သုံးပစ္စည်းများဝယ်ယူသုံးစွဲမှုကြောင့် အဓိကအားဖြင့် ဖြစ်ပေါ်လျက်ရှိကြောင်း စီးပွားရေးပညာရှင်များက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများမှ အများဆုံးတင်သွင်းလျက်ရှိသည့် အဓိကကုန်စည်များဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့ရည်(LNG)နှင့် ကျောက်မီးသွေးတို့တင်သွင်းမှုများ ကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ၂၀၂၃ ခုနှစ် ပထမ ၆ လတာကာလအတွင်း ရုရှားမှ ရေနံတင်သွင်းမှုမှာ ၉၄.၂ ရာခိုင်နှုန်း၊ ကျောက်မီးသွေးတင်သွင်းမှုမှာ ၆၉.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ တရုတ်မှ ကျောက်မီးသွေးတင်သွင်းမှုမှာ ၆၂ ရာခိုင်နှုန်း၊ အမေရိကန်နှင့်အရှေ့အလယ်ပိုင်းဒေသမှ သဘာဝဓာတ်ငွေ့ရည် (LNG)တင်သွင်းမှုမှာ ၂၁.၄ ရာခိုင်နှုန်းနှင့် ၂၀.၄ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုသို့တင်သွင်းမှုများ ကျဆင်းနေချိန်တွင် နိုင်ငံ၏အဓိကပို့ကုန်ဖြစ်သည့် မော်တော်ယာဉ်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ် ပထမ ၆ လတာကာလအတွင်း ၄၀.၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ကို တွေ့ရှိရပါသည်။

နိုင်ငံအတွင်း ပြည်ပမှ ခရီးသွားများလာရောက်မှုမှာ ကိုဗစ်-၁၉ ကပ်ရာဂါမဖြစ်ပွားမီကာလ၏ ၇၀ ရာခိုင်နှုန်းနီးပါး ပြန်လည်ဝင်ရောက်လာလျက်ရှိသည့်အတွက် ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ဂျပန်အစိုးရအနေဖြင့်လည်း နိုင်ငံအတွက် အဓိကကျသည့်ပို့ကုန်များ စဉ်ဆက်မပြတ်တင်ပို့နိုင်ရေးအတွက် လိုအပ်သည့်အရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိစေရေးကို နိုင်ငံ၏အမျိုးသားလုံခြုံရေးနှင့်စီးပွားရေးလုံခြုံရေးအတွက် အရေးပါသည့်လုပ်ငန်းစဉ်တစ်ရပ်အဖြစ်မှတ်ယူကာ လိုအပ်သည့်မူဝါဒများချမှတ်ခြင်းနှင့် အဆိုပါအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိစေရေး အရင်းအမြစ်ကြွယ်ဝသည့်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: The Nikkei Asia News (၁၅-၈-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Category: International News